အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

Photo Mosaic လုပ်ကြမယ်

Thursday, April 21, 2016
Share this Article on :
အစိတ်အပိုင်း သေးသေးလေးတွေကို Jigsaw ဆက်သလိုမျိုး ဖန်တီးပြီး ပုံဖော်ရတဲ့ အနုပညာကို Mosaic Art လို့ ဆိုကြပါတယ်။ လူသားတွေရဲ့ ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေကနေ ပေါ်ထွက်လာတဲ့ ခြားနားတဲ့ အနုပညာ တစ်မျိုးပါပဲ။ Photo Mosaic ဆိုတာကတော့ ဓာတ်ပုံအသေးလေးတွေ အများကြီးကို ပေါင်းစပ်ပြီး ဓာတ်ပုံ အကြီးကြီးပုံစံမျိုး ရအောင် ဖန်တီးတာကို ဆိုလိုတာပါ။ ဒီလိုမျိုး ဖန်တီးထားတဲ့ အနုပညာ လက်ရာတစ်ခုကို မြန်မာအဆိုတော် “အငဲ” ရဲ့ “ကိုး” ဆိုတဲ့ အခွေမှာ တွေ့နိုင်ပါတယ်။
ဒီ Tutorial မှာ အဲဒီလိုမျိုး ဓာတ်ပုံတစ်ပုံကို Photoshop နဲ့ ဘယ်လို ဖန်တီးမယ် ဆိုတဲ့ အခြေခံ သဘောကို ပြောပြပါမယ်။ ဒီလိုဖန်တီးတဲ့ နေရာမှာ နည်းစနစ် ၂ မျိုး ရှိပါလိမ့်မယ်။
ပုံ Pattern ကို အသုံးပြုပြီး ပုံအနည်းငယ်နဲ့ ဖန်တီးခြင်း
ပုံ ထောင်သောင်းချီ အသုံးပြုလို့ Contact Sheet ကို ပြုလုပ်ဖန်တီးခြင်း
အငဲရဲ့ ကိုးအခွေမှာတော့ ဒုတိယ နည်းလမ်းနဲ့ ဖန်တီးထားတာပါ။ ပထမဆုံး ပုံသုံးလေးပုံနဲ့ Pattern ကို အသုံးပြုပြီး ဖန်တီးတာကို အရင်ဆုံးပြောပြပါမယ်။ နမူနာအနေနဲ့ ထူးအိမ်သင် Photo Mosaic တစ်ခုကို ဖန်တီးကြည့်ပါမယ်။
၁) ဒီအတွက် ဖန်တီးမယ့် (900 x 1350 px) ရှိတဲ့ ထူးအိမ်သင်ရဲ့ပုံကို ဖွင့်ပါမယ်။ အဲဒီပုံကို Facebook ထဲက Htoo Eain Thin Fan Club ထဲက ရယူထားတာ ဖြစ်ပါတယ်။
၂) ဒီအပေါ်မှာ Mosaic လုပ်မယ့် ထူးအိမ်သင် ပုံလေးခုကို ဖွင့်ပါမယ်။ ဒါကို Pattern တစ်ခုအနေနဲ့ ဖန်တီးပါမယ်။ ဖန်တီးမယ့် Pattern ဟာ Black & White ဖြစ်ဖို့အတွက် ပုံတွေကို... Image > Adjustments > Desaturate နဲ့ ပြောင်းထားရမှာ ဖြစ်ပါတယ်။ အဖြူအမဲပြောင်းရခြင်းရဲ့ ရည်ရွယ်ချက်က အောက်မှာရှိတဲ့ မူရင်းပုံကို ပိုပြီး ပေါ်လွင်စေဖို့ ဖြစ်ပါတယ်။ မပြောင်းဘဲ ဖန်တီးလည်း ရပါတယ်။
၃) 30px - 23px အရွယ်အစားရှိတဲ့ Pattern တစ်ခုကို Photoshop မှာ ဖန်တီးပါမယ်။
ဖန်တီးတဲ့ Pattern ရဲ့ အရွယ်အစားကတော့ မိမိ ထည့်မယ့် ပုံရဲ့ အရွယ်အစားကို လိုက်ပြီး မသေးလွန်း မကြီးလွန်းချိန်ဆရမှာပါ။ ယခု နမူနာပုံမှာ Mosaic လုပ်မယ့် ပုံက 900 x 1350 ရှိတဲ့အတွက် Pattern တစ်ခုမှာ အကွက်လေးခု ပါတဲ့အတွက်... တစ်ပုံလုံး ပျမ်းမျှ ကြည့်မယ်ဆိုရင် အကွက်အရေအတွက်က အလျားလိုက်မှာ ပုံ ၁၂၀ ခန့် ရှိမှာဖြစ်ပြီး ဒေါင်လိုက်မှာ ပုံ ၂၃၄ ခန့် ရှိမှာ ဖြစ်ပါတယ်။
၎) ပြီးရင် Background Layer အပေါ်မှာ New Layer တစ်ခုခေါ်ပြီး Pattern ကို Fill လုပ်ပါမယ်။ ပြီးသွားရင်ဖြင့် အဲထက်က Layer ရဲ့ Blending Mode ကို (Overlay, Soft Light, Hard Light, Vivid Light) စတာတွေထဲက တစ်ခုခု ထားကြည့်ပါမယ်။ ပုံသေမရှိပါဘူး။ ဒီနမူနာမှာတော့ Hard Light ကို သုံးထားပြီး Layer ရဲ့ Opacity ကို 75% မှာ ထားထားပါတယ်။
အားလုံးစိတ်တိုင်းကျရင်ဖြင့် ဒီအောက်ကအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီထူးအိမ်သင် ပုံကိုပဲ နောက်ထပ် ပုံများများနဲ့ Pattern လုပ်ပြီး ဖန်တီးကြည့်ပါဦးမယ်။ ထူးအိမ်သင် ဆိုက်ဒ်ကနေ ရလာတဲ့ ထူးအိမ်သင်ရဲ့ ပုံတွေနဲ့ အသုံးပြုမှာ ဖြစ်ပါတယ်။
ဒီတစ်ခါမှာ အသုံးပြုမယ့် ပုံတွေက များတဲ့အတွက် Pattern Size ကို (200 x 200 px) မှာ ထားလိုက်ပါမယ်။
Pattern ကို ဖန်တီးပြီးရင် Layer အသစ်တစ်ခု ခေါ်ပြီး Fill လုပ်ပါမယ်။ ဒီပုံမှာတော့ Layer ရဲ့ Mode ကို Vivid Light ရွေးထားပြီး Opacity ကို 60% မှာ ထားပါတယ်။
အထက်က ပြုလုပ်သွားတာတွေကို မှတ်မိအောင် ပြန်ပြောရရင်ဖြင့် အဓိက အဆင့် ၂ ဆင့်ပဲ ရှိပါတယ်။
က) Mosaic လုပ်ချင်တဲ့ ဓာတ်ပုံပေါ်မှာ Layer အသစ်တစ်ခုနဲ့ Pattern Fill လုပ်ရမှာပါ
ခ) Pattern Layer ရဲ့ Blending Mode နဲ့ Opacity ကို လိုသလို ပြောင်းလဲပြီး ဖန်တီးရမှာ ဖြစ်ပါတယ်။
===========================================
ပုံ အနည်းငယ်နဲ့ Mosaic လုပ်တာကို သိပြီးတဲ့အခါမှာ ပုံအများကြီးနဲ့ Mosaic လုပ်တာကို လေ့လာပါမယ်။ ဒီနေရာမှာ ပုံတွေထောင်သောင်းချီပြီး လိုအပ်တာကြောင့် ပုံတွေကို အင်တာနက် စသည်ကနေ ကြိုတင်ရှာဖွေထားရပါမယ်။ အငဲရဲ့ ကိုးမှာတော့ ဗီဒီယိုထဲက ဓာတ်ပုံတွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒီလို Video Still Picture တွေကို ရယူမယ် ဆိုရင် Premiere Element စတဲ့ Video Editing Software တစ်ခုခုကို အသုံးပြုပြီး Video Still Capture တွေကို ရယူထားဖို့ လိုပါလိမ့်မယ်။ ပြီးသွားရင်ဖြင့် ပုံတွေကို Folder တစ်ခုတည်းမှာ ထည့်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်ဖြင့် Photoshop နဲ့ Contact Sheet တစ်ခုကို ဖန်တီးလို့ ရပါပြီ။
၅) File > Automate > Contact Sheet II ကိုသွားပါမယ်။ Document Size မှာ ပုံရဲ့ အရွယ်ကို ရွေးပါမယ်။ ထူးအိမ်သင်ပုံက 900 x 1359 pix ဖြစ်တဲ့အတွက် အဲဒီအရွယ်ကို ရွေးပါမယ်။ Resolution ကိုတော့ ဒီနမူနာက အင်တာနက်မှာပဲ အသုံးပြုမှာမို့လို့ 72 dpi ပဲ ထားပါတယ်။ တကယ်လို့ Print Quality လိုချင်ရင်ဖြင့် 300 dpi ထားသင့်ပါတယ်။
ပုံတစ်ပုံချင်းစီ Tumbnails မှာတော့ အလျားလိုက် Column မှာ ပုံ ၁၆ ထားပါမယ်။ ဒေါင်လိုက်က ပိုရှည်တဲ့အတွက် ပုံ ၂၀ ထားပါမယ်။ ပုံတစ်ရာထက် ကျော်ပြီး Contact Sheet ကို လုပ်ခိုင်းလို့ မရပါဘူး။ ခုနမူနာမှာ ပုံ အရေအတွက်ကို တွက်ကြည့်မယ်ဆိုရင် (16 x 20 = 320) ပုံပေါင်း ၃၂၀ ရှိပါမယ်။ ပုံတစ်ခု 900 x 1350 အရွယ် အထဲမှာ ပုံပေါင်း ၃၂၀ ထည့်မှာဖြစ်ပါတယ်။ သင်စုဆောင်းထားတဲ့ ပုံတွေရှိတဲ့ Folder ထဲမှာလည်း ပုံ ၃၂၀ ရှိနေရမှာ ဖြစ်ပါတယ်။
ပုံတစ်ပုံကို ထည့်ချိန်က စက်ရဲ့ အနှေးအမြန်ကို လိုက်ပြီး ပြောင်းလဲပါတယ်။ ကျွန်တော့်စက်မှာဆိုရင် တစ်ပုံကို ၁ စက္ကန့် နီးပါး ကြာမြင့်ပါတယ်။ ဒါကြောင့် ပုံပေါင်း ၈၀၀၀ အတွက် ၂ နာရီကျော် စောင့်ရမှာ ဖြစ်ပါတယ်။ ဒီအချက်ကို မေ့မထားသင့်ပါဘူး။ ဒါကြောင့် ပထမဆုံး စမ်းသပ်တဲ့အခါ ပုံ အနည်းအကျဉ်း ရာဂဏန်း လောက်နဲ့ပဲ စမ်းသပ်သင့်ပါတယ်
သင်ရွေးတဲ့ Folder ထဲမှာလည်း ပုံအရေအတွက်က ၃၂၀ထက် ကျော်ခဲ့ရင် အများကြီး မကျော်သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုရင်ဖြင့် အဲဒီ Folder ထဲမှာ ပုံ သုံးသောင်းနဲ့ နှစ်ထောင် ရှိနေခဲ့ရင် Photoshop က အလိုအလျှောက် အနေနဲ့ Contact Sheet ပေါင်း ၁၀၀ တိတိ ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ပုံတစ်ပုံကို တစ်စက္ကန့်နှုန်းနဲ့ ဆိုရင် ပုံပေါင်း သုံးသောင်းကျော်အတွက် အနည်းဆုံး ၉ နာရီနီးပါး ကြာမြင့်သွားပါလိမ့်မယ်။ တကယ်လို့ မှားယွင်းပြီး လုပ်ခဲ့လို့၊ ဒါမှမဟုတ် သင့်ရဲ့ စက်က နှေးနေလို့ လုပ်နေတုန်းမှာ ရပ်ချင်တယ် ဆိုရင် Keyboard က Esc ခလုတ်ကို နှိပ်ပြီး ရပ်နိုင်ပါလိမ့်မယ်။ အဲဒီအခါမှာ Photoshop ကနေ လုပ်ပြီးသလောက် Contact Sheet ကို ပြပါလိမ့်မယ်။ Save လုပ်ပြီး သိမ်းချင် သိမ်းနိုင်ပါတယ်။
ပုံတွေရဲ့ ကြားထဲမှာ Spacing မချန်ထားချင်တဲ့အတွက် Use Auto Spacing ဆိုတာကို ဖြုတ်ထားပါမယ်။ တကယ်လို့ Rotate for Best Fit ကို ထည့်ထားရင် ပုံတွေကို လှည့်ပြီး ပေါင်းသွားပါလိမ့်မယ်။
Use Filename as Caption ဆိုတာကိုလည်း ဖြုတ်ထားပါမယ်။ မဟုတ်ရင် ပုံတွေရဲ့ အောက်ခြေမှာ Caption တွေ ပါလာမှာဖြစ်ပါတယ်။
Contact Sheet ရလာပြီဆိုရင် ဟိုးအပေါ်မှာ လုပ်ခဲ့တဲ့ အဆင့် ၃ နဲ့ ၄ အတိုင်း ပြန်လုပ်ရမှာဖြစ်ပါတယ်။ Layer ကို ဒီတစ်ခါတော့ Desaturate လုပ်ပြီး အဖြူအမဲအနေနဲ့ မပြောင်းပါဘူး။
အထက်က ထူးအိမ်သင်ပုံမှာ Rotate for best fit ကို ထည့်ထားတဲ့အတွက် ပုံတွေကိုလှည့်ပြီး ပေါင်းပေးပါတယ်။ ပုံတွေရဲ့ ကြားထဲမှာ အမဲရောင် Gap တွေ ဖြစ်နေပါတယ်။ ဘာလို့ ဖြစ်ရလဲဆိုရင် ပုံတွေရဲ့ အရွယ်အစားတွေက မညီလို့ ဖြစ်တာပါ။ အောက်ဆုံးကရေရင် ၃ တန်းမြောက်အလယ်က ပုံကို တွေ့ပါလိမ့်မယ် ကျန်တဲ့ ပုံတွေအားလုံးက အဲဒီပုံရဲ့ အလျားနဲ့ ညီအောင် တန်းညှိယူရတဲ့အတွက် ကြားထဲမှာ Gap တွေကို photoshop က အလိုအလျောက် ဖြည့်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲလို မဖြစ်ချင်ရင် အသုံးပြုမယ့် ပုံတွေကို အရင်ဆုံး အရွယ်အစားတူညီအောင် ပြောင်းလဲထားသင့်ပါတယ်။ Action Tool နဲ့ဆိုရင် အလွယ်တကူ ပုံအများကြီးကို အချိန်တိုတွင်း အရွယ်တူအောင် ပြောင်းနိုင်ပါလိမ့်မယ်။ အခြားတစ်ဘက်မှာ Video Still လို့ခေါ်တဲ့ ပုံတွေကို အသုံးပြုရင်တော့ ပုံတွေက အရွယ်တူပြီးသားမို့ ဒီပြဿနာဖြစ်မှာ မဟုတ်ပါဘူး။
ဒီလောက်ဆိုရင်ဖြင့် Photoshop နဲ့ ပုံအများကြီးကို Photo Mosaic လုပ်တဲ့ သဘောတရားကို သိရှိသွားပြီလို့ ထင်ပါတယ်။ ဒါပေမယ့် အင်မတန်မှ လက်ဝင်အချိန်ယူပြီး ဆောင်ရွက်ရတာကို သိရှိထားရပါမယ်။ ဒါကြောင့် မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်တဲ့ နည်းပညာတစ်ခုကို လက်တို့ပြီးတော့ ပြောချင်ပါတယ်။ AndreaMosaic ဟာ ဓာတ်ပုံတွေကို လွယ်ကူသက်သာ အဆင်ပြေစွာ ဖန်တီးနိုင်တဲ့ Photo Mosaic Software တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီ Software ကို အသုံးပြုပြီးတော့ စောစောက ထူးအိမ်သင်ကို A4 အရွယ် Print Quality 300 dpi နဲ့ ဓာတ်ပုံ ၃၀၀၀ အသုံးပြုပြီး ဖန်တီးလိုက်တာ ၅ မိနစ် ခန့်ပဲ ကြာပါတယ်။ Software Zip File ကို ဒီ Tutorial ရဲ့ အောက်ဆုံးမှာ Download ယူနိုင်ပါတယ်။
HTOOEAINTHIN ဆိုတဲ့ စာတန်းကိုတော့ ပုံထွက်လာတဲ့အခါမှ Photoshop ထဲမှာ ရိုက်ပြီး Overlay နဲ့ ပြန်ထပ်ထားတာ ဖြစ်ပါတယ်။ Software ကို အသုံးပြုဖို့လည်း လွယ်ပါတယ်။ ပထမဆုံး ဒေါင်းလုပ်ချထားတဲ့ Software ရဲ့ Zip File ကို Extract လုပ်ပြီး Exe File ကို Install လုပ်ရပါမယ်။ Install လုပ်ပြီးရင်ဖြင့် Start > Programs > AndreaMosaic ကိုဖွင့်လိုက်ရုံပါပဲ။
Size Parameters ထဲမှာတော့ လိုတဲ့ Size, Resolution နဲ့ Tile အရေအတွက်ကို ရွေးရပါမယ်။ Pattern ထဲမှာ Standard ကိုရွေးရင် တွေ့နေကျ လေးထောင့်ကွက်နဲ့ ရပါမယ်။ တခြား Parquet, Portrait, Mixed စတာတွေကို ရွေးပြီး ဖန်တီးလို့လည်း ရပါတယ်။ စမ်းသပ်ကြည့်ပါ။
အပေါ်ညာဘက်ခြမ်းက Original Image ဆိုတဲ့နေရာမှာ (+) သင်္ကေတကို နှိပ်ပြီး Mosaic လုပ်လိုတဲ့ပုံကို ရွေးပါမယ်။ ဒီနမူနာမှာတော့ ထူးအိမ်သင်ပုံပဲ ဖြစ်ပါတယ်။
ပြီးရင် Select Tiles ဆိုတဲ့ နေရာကို သွားရပါမယ်။ ဒါဆိုရင်တော့ ဒီအောက်ကအတိုင်း တွေ့ရပါမယ်။
Add Folder ထဲမှာ ကိုလိုတဲ့ ပုံတွေ ရှိတဲ့နေရာကို သွားပါမယ်။ ပြီးရင် Save Archive ကို လုပ်ရပါမယ်။ ချက်ချင်းတက်မလာပါဘူး။ ပုံများရင် များသလို Analysis လုပ်တာကို စောင့်ရပါမယ်။ 100% ပြည့်သွားရင် နာမည်တစ်ခုပေးပြီး သိမ်းလိုက်လို့ ရပါပြီ။ နောက်အကြိမ်တွေ အသုံးပြုချင်ရင်တော့ နဂို အသုံးပြုပြီးသား နာမည်ကို Open Archive ထဲကနေ အလွယ်တကူ ယူသုံးလိုက်ရုံပါပဲ။
အားလုံးပြီးသွားရင်ဖြင့် OK ကို နှိပ်ပြီး စောစောက နေရာကို ပြန်ရောက်ပါမယ်။ Create Mosaic ဆိုတာကို နှိပ်လိုက်ပြီး ထွက်လာမယ့်ပုံကို စောင့်ယူဖို့ပါပဲ။ နာရီများစွာ မကြာဘဲ မိနစ်အနည်းငယ်အတွင်းမှာပဲ ပြီးသွားမှာပါ။ ပြီးသွားတဲ့ ပုံရှိတဲ့ နေရာကို ကြည့်ချင်ရင် Destination Folder ကိုမေးတဲ့အခါ Yes ကို နှိပ်လိုက်ရုံပါပဲ။
Andrea Mosaic Software နဲ့ ပြုလုပ်ထားတဲ့ ထူးအိမ်သင်ပုံတွေကို ဒီအောက်မှာ တွေ့နိုင်ပါတယ်။ “ထူးအိမ်သင်” ဆိုတဲ့ စာတန်းကိုတော့ ပုံထွက်လာမှ Photoshop ထဲမှာ စာရိုက်ပြီး Layer Mode ကို Overlay နဲ့ အသုံးပြုထားတာပါ။

Download Acrobat file here
Download Software here
credit - org
အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ


Artikel Terkait:

0 comments:

Post a Comment