အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

2016မှာရေပန်းစားလာနိုင်တဲ့ IT အလုပ်များ

Monday, January 11, 2016
Share this Article on :




၂၀၁၆ ခုနှစ်အတွင်း မြန်မာပြည်မှာ ရေပန်းစားလာနိုင်တဲ့ အလုပ်များကို ခြုံငုံပြီးတော့ ရေးသားပေးလိုက်ရပါတယ်။

<Software Developer/ Engineer>

လက်ရှိ မြန်မာပြည်ကို ဂျပန်၊ ဗီယက်နမ် အပြင် အခြားသော နိုင်ငံကြီးများမှ ဝင်ရောက်ပြီးတော့ မြန်မာပြည်မှာ ကုမ္ဗဏီတွေ လာရောဖစ်ပါတယ်။ ဘာလို့မြန်မာပြည်မှာ လုပ်သလဲဆိုတဲ့အပေါ် မေးခွန်းရှိပါတယ်။ ကျွန်တော့ မိတ်ဆွေတစ်ဦးဟာ စင်္ကာပူမှာ ဆော့ဖ်ဝဲရေးသားတဲ့ ကုမ္ဗဏီကို တည်ထောင်ထားပါတယ်။ သူ့အနေဖြင့် စင်္ကာပူနိုင်ငံမှာ ကုမ္ဗဏီဖွင့်ရတာ အတော်လေးရုန်းကန် ရပါ တယ်။ အဓိကကတော့ ဝန်ထမ်းစရိတ်ကြီးမြင့်လို့ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံ သား ဘွဲ့ရပြီးသား အင်ဂျင်နီယာ တစ်ယောက်ကို အခြေခံလစာအားဖြင့် ဘယ်လောက် ဘယ်လောက် ပေးရမယ်ဆိုတာ သတ်မှတ်ထားပြီးသား ရှိပါတယ်။ သူတို့နိုင်ငံသား ဆော့ဖ်ဝဲ အင်ဂျင်နီယာ တစ်ယောက်ရဲ့ အခြေခံ လစာက အနည်းဆုံး စင်္ကာပူဒေါ်လာ ငါးသောင်းရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၅၀၀ ဝန်းကျင်ရှိပါလိမ့်မယ်။ ဆော့ဖ်ဝဲတစ်ခုရေးသားရင် လည်း ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၅ သိန်းမှ ၅ သန်းလည်း ရနိုင်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းအင်အားများရင် Profit လို့ခေါ်တဲ့ အကျိုး အမြတ်က နည်းပါလိမ့်မယ်။ ဒါကြောင့်မို့ သူဟာ စင်္ကာပူမှာ ကုမ္ဗဏီဖွင့်မယ့် အစား နိုင်ငံတကာမှာဖွင့်မလားလို့တွေးပါတယ်။ အဓိကအားဖြင့် တရုတ်ပြည် နဲ့ မြန်မာပြည်ကို မျက်စိကျ ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဆော့ဖ်ဝဲ ရေးသား ခြင်းနဲ့ တိုင်းပြည်ကို တိုးတက်ကြီးပွားအောင် လုပ်သွားနိုင်တဲ့ တိုင်းပြည် ဖြစ်ပြီး ယနေ့ သူတို့နိုင်ငံသား ဆော့ဖ်ဝဲအင်ဂျင်နီယာရဲ့ လစာနဲ့ အခြား ကုန်ကျစရိတ်များဟာလည်း မနည်းတော့ပါဘူး။ ဒါကြောင့်မို့ တရုတ်ပြည်နဲ့ မြန်မာပြည်ကို စိတ်ဝင်စားပါတယ်။ အဓိကကတော့ ဈေးသက်သာလို့ပါ။ ဈေးသက်သာတာချင်းတူတာတောင် မြန်မာပြည်ကို ပိုပြီးတော့ စိတ်ဝင်စား ပါတယ်။

တရုတ်ပြည်ဈေးကွက်မှာဆိုရင် လုပ်သားများရရှိတာလွယ်ပေမယ့် ကော်ပီကူးနှုန်းဟာလည်း မြန်ပါတယ်။ သူတို့ ဆော့ဖ်ဝဲတစ်ခုကို ဆွဲပြီးရင် တစ်လမပြည့်သေး ဘဲ ယင်းဆော့ဖ်ဝဲမျိုးကို တရုတ်ပြည်ကုမ္ပဏီက ဖန်တီး ပါလိမ့်မယ်။ အဓိကကတော့ အချက်အလက် လုံခြုံရေးကို စိတ်မချရခြင်း ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာ လုပ်ချင်ပါတယ်။ ဒါပေမယ့် မြန်မာပြည် ဈေးကွက်မှာ များစွာသော အားနည်းချက်တွေရှိပါတယ်။ အမှန်အတိုင်း အားမနာတမ်းပြောရရင် လုပ်သားအရည်အချင်းတိုးတက်မှု ဖြစ်ပါတယ်။ ဒါဟာလည်း လုပ်သားများရဲ့အပြစ်မဟုတ်ပါ။ ရရှိနိုင်တဲ့ resource ကြောင့် လည်းသက်ဆိုင်ပါတယ်။ အင်တာနက်လိုင်းမကောင်းခြင်းက အဓိက ပြဿနာဖြစ်ပြီး resource လုံလောက်စွာ မရရှိတာကြောင့် learning process နှောင့်နှေးပါတယ်။ မြန်မာပြည်က developer, engineer များ အနေနဲ့ နည်းပညာအသစ်များကို တီထွင်နိုင်ရမယ့်အစား နိုင်ငံတကာက ဘယ်သူတွေ အသစ်ထွင်လိုက်ပြီလဲဆိုတာကိုသာ စောင့်ကြည့်နေရပါတယ်။ အားလုံးကို မဆိုလိုပါ။ ထူးချွန်ထက်မြတ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာများ လည်း ရှိပြီး နိုင်ငံခြားက ကုမ္ဗဏီကြီးတွေမှာ ဦးဆောင်နေသူများလည်း များစွာရှိပါတယ်။

ဒီတော့ မြန်မာပြည်မှာ အရည်အချင်းပြည့်ဝရန် အခက်အခဲနဲ့ အင်တာနက် အခက်အခဲတွေကို ဘေးဖယ်ပြီးတော့ နိုင်ငံတကာ ကုမ္ဗဏီများဟာ မြန်မာပြည်မှာ စွန့်စားရဲပါတယ်။ အထူးသဖြင့် ဂျပန်ကုမ္ဗဏီများက စွန့်စားပါတယ်။ နည်းပညာအခြေခံသိထားရုံလူတွေကိုတောင် IQ Test စစ်ပြီးတော့ coding ဆိုတာ ဘာလဲကနေ စသင်ပေးတဲ့အထိ Train ပါတယ်။ လခ တစ်လ ၁သိန်းခွဲကနေ အစားစားပေးပြီး ဂျပန်နိုင်ငံမှာ သွားရောက် လုပ်ကိုင်ခွင့်၊ လေ့လာခွင့်များလည်း ပေးပါတယ်။ ဘွန်းလို့ခေါ်တဲ့ ဝန်ထမ်းကို ထိန်းချုပ်တဲ့ စာချုပ်များဖြင့် ချုပ်ထားသည့်တိုင် သူတို့ဆီမှာ လုပ်ချင်တဲ့ မြန်မာလူငယ်တွေမနည်းပါဘူး။ ဒါဟာလည်း ကောင်းတဲ့ အခွင့်အရေးတစ်ခု ပါပဲ။ အချို့ကုမ္ပဏီအနေနဲ့ တီထွင်ဆန်းသစ်မှုကိုဦးစားပေးသလို အချို့ ကုမ္ပဏီကတော့ ဒါဆိုဒါပဲထိုင်ရေးဖို့ နှစ်အတော်ကြာ တာဝန်ပေးပါတယ်။ ဒီတော့ ရွေးချယ်တဲ့ သူက သေချာ ရွေးချယ်တတ်ဖို့ဆိုလိုပါတယ်။ လက်ရှိ မြန်မာ ICT Park အပြင် မြေနီကုန်း အကျော်လေး ဆော့ဖ်ဝဲရေးသားတဲ့ ကုမ္ပဏီများ သီးသန့်စုမယ့် နေရာစီမံကိန်းလည်းရှိပါတယ်။ ဒါ့အပြင် ဆော့ဖ်ဝဲ ကုမ္ဗဏီပေါင်း မြောက်များစွာဟာလည်း ရန်ကုန်မြို့ရဲ့ နေရာတိုင်း အလိုလိုမှာကို တည်ရှိနေပြီဖြစ်ပါတယ်။ ဒီတော့ Software engineering/ developing ဟာ ၂၀၁၆ မှာ အင်မတန် ရေပန်းစားမယ့်အလုပ်ဖြစ်ပါတယ်။ ကွန်ပျူတာ တက္ကသိုလ်ကျောင်းဆင်း၊ အိုင်တီမေဂျာကျောင်းဆင်း၊ KMD, MCC, Gusto တို့ကနေ IT ဆက်စပ် မေဂျာများ တက်ရောက်သူများအတွက် အခွင့်အလမ်းကောင်းများ ဖြစ်ပါတယ်။ ကြားဖြတ်ဝင်ရောက်သူလို့ ခေါင်းစဉ် တပ်ပေးရမယ့် အခြားကျောင်းပြီးပေမယ့် software engineering ကို အပြင် သင်တန်းကနေ တက်ရောက်အောင်မြင်သူများအတွက်လည်း အခွင့်အရေး များစွာရှိပါသေးတယ်။

<Android App Developer>

မြန်မာပြည်မှာ လူတိုင်းစေ့နီးပါး ဖုန်းသုံးနိုင်မယ့် ခေတ်က ၂၀၁၆ ကနေ စတင်ပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ယင်းလူဦးရေတွေအားလုံးဆီကို သတင်းအချက်အလက်ပို့ပေးနိုင်မယ့် App တွေ၊ ဂိမ်းတွေပိုလို့ လိုအပ်ပါ လိမ့်မယ်။ မြန်မာပြည်ဈေးကွက်ဖောက်ချင်လို့ပါ ဆိုပြီးတော့ သတင်းစုံစမ်းဖို့ ရောက်လာတဲ့ နိုင်ငံခြားကုမ္ပဏီသုံးလေးခုနဲ့ အပြင်မှာတွေ့ဖူးပါတယ်။ သူတို့အနေနဲ့ နိုင်ငံတကာမှာ သူတို့ရဲ့အောင်မြင်ပြီးသား App တွေကို မြန်မာဘာသာဖြင့် ထုတ်လုပ်ပြီး မြန်မာပြည်မှာ ပြန်ရောင်းချင်လို့ ဖြစ်ပါတယ်။ အားလုံး အခမဲ့ ပေးနေချိန် ဘယ်လိုရောင်းမလဲလို့တောင် ကျွန်တော်မေးမိပါသေးတယ်။ သူ့အနေနဲ့ App ကို အခမဲ့ ဖြန့်ပြီးတော့ App အတွင်းက Feature တွေကို လိုချင်ရင် ဝယ်သုံးစေမယ့် စနစ်တို့ကို သယ်ဆောင်လာခြင်း ဖြစ်ပါတယ်။ သူလိုချင်တဲ့ ပညာရှင် အမျိုးအစားဟာ ဘာသာပြန်ပြီးတော့ သူ့နေရာသူ မှန်အောင် ပြန်ထည့်ပေးနိုင်မယ့် Developer အဆင့်သာသာပဲဖြစ်ပါတယ်။ အကယ်၍ မြန်မာပြည်က payment စနစ်တွေကို ထည့်သုံးမယ်ဆိုရင် ဒေသတွင်း developer ရဲ့ ကြိုးပမ်းမှုနဲ့ ထည့်တာမျိုးတို့ ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည် Culture ကို လေ့လာပြီးတော့ မြန်မာပြည်အတွက် သီးသန့်ရည်ရွယ်တဲ့ App များလည်း တီထွင်ဖန်တီးဦးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

သူတို့အပြင် မြန်မာနိုင်ငံသားများဖွင့်တဲ့ Android App ရေးသား ကုမ္ဗဏီ တွေလည်း များစွာ ပေါ်ပေါက်နေပါပြီး ယင်း ကုမ္ဗဏီတွေဟာဆိုရင်လည်း အောင်မြင်မှု မှတ်ကျောက်အသီးသီးကို ရယူနိုင်ပြီး ပြည်တွင်း client အပြင် ပြည်ပက ဖောက်သည်များပါ ရရှိနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ လည်း ခက်ခဲမှုတစ်ခုရှိပါတယ်။ ယင်းကတော့ Android အကြောင်း ကောင်းကောင်းနားလည်ပြီး ရေးတတ်မယ့် Developer မရှိခြင်းပါ။ Android ဟာ Java ကို အခြေခံပေမယ့် သူ့မှာ ကွဲပြားမှုလေးတွေ ရှိနေပါသေးတယ်။ ယင်းကွဲပြားကို ဆက်လက်မလေ့လာဖြစ်တာကြောင့် Java အဆင့်မှာတင် ရပ်ပြီး Android Developer ဖြစ်မလာသူများလည်း ရှိပါတယ်။ Android Developer တစ်ယောက်ကို အနည်းဆုံး လစာ ၄ သိန်းကနေ အမြင့်ဆုံးအား ဖြင့် သိန်း ၂၀ ဝန်းကျင်အထိ ပေးတဲ့ အလုပ်ခေါ်စာကို ဖတ်ခဲ့ဖူးပါတယ်။ မြန်မာပြည်မှာပါ။ မကြာသေးပါဘူး။ ဒီတော့ ၂၀၁၆ လို မိုဘိုင်းအသုံးဆုံး နှစ်တစ်နှစ်ဖြစ်မယ့် နှစ်မှာလည်း Android Developer များစွာ လိုအပ်ပါ တယ်။

<Social Media Professional>

Social Media လို့ပြောမယ့်အစား Facebook လို့ပဲ အမည်တပ်ချင်ပါ တော့တယ်။ ဘာလို့လဲဆို အများစုက Facebook ကိုသာ အသုံးပြုနေလို့ ဖြစ်ပါတယ်။ Facebook အသုံးပြုသူဟာ ၂၀၁၆ မှာ သန်း ၂၀ ဝန်းကျင်အထိ တိုးတက်ဖို့ ခန့်မှန်းထားပါတယ်။ ယင်း တိုးတက်တဲ့ ပမာဏကြောင့် ကုမ္ဗဏီများ အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ကြော်ငြာခြင်း၊ ကုန်ပစ္စည်း အကြောင်း ရေးသား ဖြန့်ဝေခြင်းတို့ကို ပိုလို့ ပြုလုပ်ချင်ပါတယ်။ ဒါကြောင့်မို့ Facebook Page ပြုလုပ်ခြင်း၊ Facebook Page အပေါ်မှာ ကုန်ပစ္စည်းဆိုင် ရာ update များတင်ခြင်း၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ကုန်ပစ္စည်းအကြောင်း မေးမြန်းလာမှုများကို ဖြေကြားပေးခြင်း၊ Social Media ပေါ်မှာ အများရဲ့ မိမိ brand အပေါ် အမြင်ဘယ်လိုရှိတယ်ဆိုတာကအစ စာရင်းများ၊ အချက် အလက်များ ပြန်လည်ထုတ်ခြင်းတို့ကို ပြုလုပ်တတ်သူများ ပိုလိုအပ်ပါတယ်။ ဒါတွေကို လုပ်ငန်းရှင်များက တောင်းဆိုပါတယ်။ ဒီတော့ Social Media ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် နိုင်တယ်ဆိုရင် ဒါဟာလည်း အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။ Advertising Agency တွေကလည်း ခေါ်သလို brand တွေကလည်း ခေါ်ပါတယ်။ လစာအားဖြင့် ၃ သိန်းကနေ ၁၀ သိန်း ဝန်းကျင်လောက်အထိ ရှိပါတယ်။

<Digital Marketing Professional>

Social Media ဟာ Digital Marketing အောက်ကနေ အခွဲ ဖြစ်ပါတယ်။ Digital Marketing ဆိုရင် Facebook တစ်ခုတည်းမဟုတ်တော့ဘဲ ရှိသမျှ Digital Channel တွေအကုန်လုံးမှာ ကြော်ငြာဖို့၊ ကုန်ပစ္စည်းထိုးဖောက်ဖို့ ဖြစ်ပါတယ်။ ဝဘ်ဆိုဒ်ကနေ ဘယ်လိုကြော်ငြာမလဲ။ ဘယ်လိုရေးသားမလဲ၊ မိုဘိုင်းဖုန်းတွေဆီရောက်အောင် ဘယ်လိုပေးပို့မလဲ၊ ကိုယ့်ရဲ့အွန်လိုင်း လုပ်ဆောင်ချက် ဘယ်လောက်အထိ အောင်မြင်တယ်ဆိုတာ ဘယ်လို တွက်ချက်မလဲ အစရှိသဖြင့်တို့ဟာ အလုပ်အသစ်များ ဖြစ်ပါတယ်။ ဒီတော့ နည်းပညာနဲ့ up to date ဖြစ်သူများက ဒါကို ပြုလုပ်နိုင်ပါတယ်။ ယင်းပြုလုပ် နိုင်သူများကိုလည်း အေဂျင်စီများက ခေါ်သလို ကုန်ပစ္စည်း brand များ ကလည်း ခေါ်ပါတယ်။ လစာအားဖြင့် ဂျူနီယာအဆင့်ကို ၁သိန်းခွဲကနေ မန်နေဂျာအဆင့်ကို သိန်း ၂၀ ဝန်းကျင်အထိ ပေးကြ ပါတယ်။ ယင်းနဲ့ ပက်သက်ပြီး လေ့လာမယ်ဆိုရင် Google အပြင် အခြားသော platform တွေကနေလည်း လေ့လာနိုင်ပါတယ်။

<Web Developer>

အချို့က Dawn of Web Developing လို့ ဆိုကြပါတယ်။ မြန်မာလို ရှင်းရှင်း ပြောရင် Web Developing ဟာ အကျဖက်ရောက်နေပြီလို့ခေါင်းစဉ်တပ်ကြ ပါတယ်။ ကျွန်တော်ကတော့ လက်မခံပါဘူး။ မြန်မာပြည်မှာ လက်ရှိ ဝဘ်ဆိုဒ် ပေါင်း ၅ သောင်းဝန်းကျင်ပဲရှိပါတယ်။ ယင်းထဲမှာ စနစ်တကျရှိပြီး လည်ပတ် တာကို ပြောပါဆိုရင် တစ်ထောင်ထက် မပိုပါ။ မြန်မာပြည်မှာ လုပ်ငန်းကြီးကို မပြောသေးဘဲ အသေးစား စီးပွားရေးလုပ်ငန်းတွေချည်း ပြောပါဆိုရင် မှတ်ပုံတင်ထားတာ ငါးသောင်းမကပါဘူး။ မှတ်ပုံမတင်ရသေးတာနဲ့တွက်ရင် သိန်းဂဏန်းရှိပါလိမ့်မယ်။ ရန်ကုန်မှာ စားသောက်ဆိုင်ပေါင်း ၃ ထောင်မက ပါဘူး။ ဒါရန်ကုန်ပဲ ပြောပါသေးတယ်။ မြန်မာပြည်အနှံ့ဟိုတယ်ပေါင်း ထောင်ဂဏန်းရှိပါတယ်။ ဒီတော့ စီးပွားရေး လုပ်ငန်းတွေကို တွက်လိုက်ရင် သိန်းဂဏန်းရှိပါလိမ့်မယ်။ အခြေအနေရသာ Facebook ပေါ်မှာ လူတွေရှိ နေတာကြောင့် ဝဘ်ဆိုဒ်ရေးဆွဲခြင်းကို ခေါင်းမလှည့်ကျသေးပေမယ့် Real Web ဆိုတာကို လိုက်သွားဖို့အတွက် နှစ်ကနီးနေပါပြီ။ သိန်းဂဏန်းကို အရင်မပြောသေးပဲ လက်ရှိ ရန်ကုန်က လုပ်ငန်းတွေကိုချည်း ပြောရင် တောင် ဝဘ်ဆိုဒ်လုပ်ချင်သူတွေ မနည်းပါဘူး။ ဖြစ်နေတဲ့ပြဿနာက ဝဘ်ဆိုဒ်ရေးသားတဲ့ ကုမ္ပဏီတွေဟာ လက်ချိုးရေလို့ရအောင် နည်းနေခြင်း ဖြစ်ပါတယ်။

ကုမ္ဗဏီတွေဟာလည်း နေ့စဉ်နဲ့အမျှ Web Developer အလုပ်များ ခေါ်ယူ နေရပြီး အရည်အချင်းမပြည့်ဝမှုအခက်အခဲအချို့လည်း ကြုံတွေ့ရပါတယ်။ နိုင်ငံတကာ ကုမ္ပဏီကိုအပ်ရင် ဝဘ်ဆိုဒ်တစ်ခု အမေရိကန်ဒေါ်လာ ၃ထောင် ကနေ စကျချိန် မြန်မာပြည်မှာ မြန်မာကျပ်ငွေ ၃ သိန်းသုံးရင် ဝဘ်ဆိုဒ်ရပြီ ဆိုတော့ ဈေးကွက်ပြတ်တယ်လို့ လုပ်ငန်းရှင်အချို့က ညည်းခြင်းဖြစ်ပါ တယ်။ တကယ်တန်းကျတော့ Quality ကောင်းကောင်း ဆိုဒ်ကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့လုပ်ပေးနိုင်ရင် ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်ရင် ဒီဈေးကွက်ဟာလည်း အင်မတန် ကြီးမား ပါတယ်။ Web Devleoping လုပ်တဲ့အခါ ယနေ့မှာ PHP ကိုအများဆုံးသုံးပြီး Java, .Net, C++တို့ကို လည်း အသုံးပြုကြပါတယ်။ အခြားသော နောက်ထပ် language အသစ် အသစ်များလည်း ရှိပြီး အလုပ်ခပ်မြန်မြန်လိုချင်ရင်တော့ PHP က မြန်ပါ လိမ့်မယ်။ လစာအားဖြင့် စလုပ်လုပ်ချင်း ၁သိန်းခွဲကနေ မန်နေဂျာ အဆင့် ၁၀ သိန်းဝန်းကျင် လောက်အထိပေးပါတယ်။

<Mobile Hardware Professional>

မိုဘိုင်းဖုန်းဟာ ၂၀၁၄ ကနေ မြန်မာပြည်မှာ လူအဝယ်များဆုံး ကုန်ပစ္စည်း စာရင်းထဲ ပါဝင်လာပါတယ်။ Samsung Galaxy Note 5 ကိုင်ချင်လွန်းလို့ ဆိုက်ကားနင်းပြီး ရတဲ့ ငွေကိုစုပြီးတော့ တန်းစီဝယ်တဲ့ သတင်းလည်း ဖတ်လိုက်ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်ဟာ လူတွေဟာ မိုဘိုင်းဖုန်းအပေါ် အင်မတန် ရူးသွပ်တာကို မြင်ရမှာ ဖြစ်ပါတယ်။ အလုံး ရေပေါင်း သိန်းချီ၊ သန်းချီနှစ်စဉ် ရောင်းချနိုင်နေပြီး ယင်းထဲကနေ အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက်ဟာလည်း ပျက်နေကြပါတယ်။ အနည်းဆုံးကတော့ ဆောဖ့်ဝဲ error တက်နောကနေ မှန်ကွဲတဲ့အထိပဲ ဖြစ်ပါတယ်။ ဒါတွေကိုပြင်ဖို့အတွက် မိုဘိုင်းဖုန်း ထုတ်တဲ့ ကုမ္ဗဏီများအနေနဲ့ ဆားဗစ် စင်တာများ ထားရှိပေမယ့် တကယ်တမ်းကျတော့ များစွာသော အလုံးရေကို ဝန်ဆောင်မှု မပေးနိုင်ပါဘူး။ ဒီတော့ ဝန်ဆောင်မှုပေးနိုင်တဲ့ ဆိုင်များစွာ လိုအပ်လာပါတယ်။ မိုဘိုင်းဖုန်း ပြင်တဲ့ ပညာတစ်ခု တပ်ထားရင် တစ်လ အနည်းဆုံး ဝင်ငွေ ၃ သိန်းကနေစပါတယ်။ ဒါ ရန်ကုန်မြို့ပေါ်က ဆိုင်ကိုပြောတာပါ။ အခြားဆိုင်တွေမှာ မပြင်တော့ပဲ ကိုယ့်ပါကိုယ် အရင်း စိုက်ပြီး တစ်ပိုင်တစ်နိုင်ထောင်မယ်ဆိုရင် ဝင်ငွေဟာ အကန့်အသတ် မရှိပါဘူး။ ကိုယ်တတ်ရင် တတ်သလောက် လူတွေအားကိုးလာကြမှာ ဖြစ်ပြီး ဒါဟာလည်း ကိုယ့်အတွက် ထမင်းစားလောက်ရုံကနေ သူဌေးဖြစ်စေနိုင်တဲ့ အထိ ဖြစ်နိုင်ပါတယ်။

<Network Engineer>

လက်ရှိ မြန်မာပြည်မှာ Telecom ပေါင်း သုံးခု (MPT, Telenor, Ooredoo) တို့ရှိပြီး ယင်း Telecom တွေကို ဝန်ဆောင်မှုပေးတဲ့ Telecom Service Provider ကုမ္ပဏီကြီးပေါင်း ၁၀ခု ထက် မနည်းရှိပါတယ်။ ဥပမာ Huawei, ZTE, Nokia အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ Telcom ကုမ္ဗဏီကြီးတွေမှာ Network အင်ဂျင်နီယာကို နိုင်ငံတစ်ဝန်းဖြန့်ကျက်ရန် ခန့်ထားပြီး ကုမ္ဗဏီ တစ်ခုစီတိုင်းမှာ Network ဝန်ထမ်းပေါင်း ထောင်ဂဏန်းရှိပါတယ်။ ပြီးတော့ ယင်း ကုမ္ဗဏီတွေကို ပြန်လည် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုစီတိုင်း မှာလည်း ရာဂဏန်းမှသည် ထောင်ဂဏန်းရှိပါတယ်။ သူတို့ဆီမှာ Telecom Network Engineer များအဓိကလိုအပ်ပြီး အခြားသော Switching, Routing ကနေ Wireless ရတဲ့ Network Engineer များလည်းလိုအပ် ပါတယ်။ မြန်မာပြည်မှာ ဝန်ထမ်းအင်အား ၆၀ ကနေ အထက်ရှိတဲ့ ကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေကို ပြောပါဆိုရင် အရေအတွက်ပေါင်း သိန်းဂဏန်းရှိပါလိမ့်မယ်။ သူတို့ဆီမှာ CCTV လိုအပ်ပါတယ်။ အင်တာနက် တွေလိုအပ်ပါတယ်။ ယင်း လိုအပ်တဲ့ လုံခြုံရေးစနစ်ကို တပ်ဆင်ဖို့ အင်တာနက် တပ်ဆင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းပြည့်ဝသော Network Engineer ဟာလည်း အရေအတွက် သိန်းဂဏန်းလိုအပ် ပါလိမ့် မယ်။

ဒီတော့ ကွန်ပျူတာ တက္ကသိုလ်ဆင်းတွေအပြင် IT မေဂျာဆင်း၊ HND Diploma ရများအပြင် အပြင် တက္ကသိုလ်ကနေပြီးလို့ CCNA, CCNP ဖြေဆိုထားတဲ့ အင်ဂျင်နီယာများလည်း လိုအပ်ပါတယ်။ လစာကို အခြေခံ သုံးသိန်းကနေ စပေးပြီး စီနီယာအဆင့်တွေဆိုရင် ၁၀ သိန်းကျော်မက ပေးပါတယ်။ ဒါဟာလည်း ၂၀၁၆ မှာ Trending ဖြစ်မယ့် အလုပ် အမျိုး အစားတစ်ခုလည်း ဖြစ်ပါတယ်။ ဆက်လက်ဖော်ပြရမယ်ဆိုရင် အိုင်တီ လောကမှာ ဖြစ်ထွန်းပြီး လိုအပ်တဲ့ အလုပ်တွေအများကြီးပါ။ Graphic Designer, Web Designer များလည်း လိုအပ်ပြီး E-Commerce ဝဘ်ဆိုဒ် တွေမှာ လုပ်ကိုင်မယ့် အွန်လိုင်း စီးပွားရေး နားလည်သူ ဝန်ထမ်းများလည်း လိုအပ်ပါတယ်။ Trending ဖြစ်တဲ့အထဲမှာ မဖော်ပြဖို့ အခြား IT အလုပ်များ အနေနဲ့ ဖြစ်မလာဘူးလို့လည်း မထင်ပါနဲ့။ အိုင်တီနဲ့ ဆက်စပ်တဲ့ အလုပ် အားလုံး နီးပါးဟာ ၂၀၁၆မှာ ရေပန်းစားလာကြမှာပဲ ဖြစ်ပါတယ်။ အကြောင်း ကတော့ Globalization ကို မလွန်ဆန်နိုင်လို့ ဖြစ်ပါတယ်။ တိုးတက်နေတဲ့ ခေတ်ကြီးထဲက မြန်မာပြည်က ရွာအဖြစ် ကျန်ခဲ့မှာ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံးတော့ သူဟာလည်း ရတဲ့ဘက်ကနေ လိုက်မယ့် နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ အိုင်တီနဲ့ ဆက်စပ်ပညာလေ့လာနေသူများ အနေ ဖြင့် အားတင်းပြီးတော့ ဆက်လက်လေ့လာကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရပါတယ်။ ပျော်ရွှင်အောင်မြင်သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

အောင်ခမ်း(ရိုးရာလေး)

Mobile Guide Journal


Artikel Terkait:

0 comments:

Post a Comment