အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

ကိုယ့်အိမ်ကနေ ပျောက်ကွယ်သွားတော့မည့် နည်းပညာ ပစ္စည်းငါးမျိုး

Saturday, December 12, 2015
Share this Article on :

                ကိုယ့်အိမ်ကနေ ပျောက်ကွယ်သွားတော့မည့်
နည်းပညာ ပစ္စည်းငါးမျိုး
                   နည်းပညာ တိုးတက်မှု ရေစီးနှင့် အတူလူသားတို့ စီးမျောလိုက်ပါရင်း အချို့သော နည်းပညာ ပစ္စည်းများ ရေစီးထဲက လွင့်ထွက် ကာ ရေအောက်သို့ နစ်မြုပ်သွားရသည်။ ဥပမာတိပ်ခွေနဲ့ ဖွင့်ရသော ကတ်ဆတ်များ၊ စီဒီချပ်နဲ့ ဖွင့်ရသော ဝေါ့မန်းများကို ကြည့်ပါ။ ယနေ့ခေတ် မြို့ပြများတွင် ထိုပစ္စည်းများကို မြင်မိသောနေ့သည် ကံကောင်းသောနေ့ဟု သတ်မှတ်ရမည်။
ယနေ့အချိန်တွင် လူသားတို့၏ အလုပ်ကိစ္စမှသည် ဖျော်ဖြေရေးကိစ္စအထိ ဒီဂျစ်တယ်ပစ္စည်းများအဖြစ် အွန်လိုင်းပေါ် ရောက်ကုန်ပြီ။ ဒီဂျစ်တယ် ဖိုင်များကိုဟာ့ဒစ်များမှာ သိမ်းကြသည်။ အွန်လိုင်း တိမ်တိုက်တွေမှာ သိမ်းကြသည်။ ဒီဗွီဒီခွေ၊ ဘလူး-ရေး (Blu-Ray) ခွေ များခေတ်မတိမ်သေးသော်လည်း ထိုအခွေများ ကပေးသော ဖျော်ဖြေရေးမျိုးကို အွန်လိုင်းကနေလည်း ပေးနိုင်နေပြီဖြစ်ရာ ဒီဗွီဒီခွေ၊ ဘလူး-ရေးခွေများ၏ အနာဂတ်ကလည်း ရက်အကန့်အသတ်တော့ ရှိလာပြီ။ ဂိမ်းနယ်ပယ်ကို ကြည့်လျှင်လည်း ယနေ့အချိန်တွင် ဂိမ်းခွေတွေ မြင်နေရသေးသည့်တိုင် ဂိမ်းကို အွန်လိုင်းကနေ ရောင်းချမှုက အင်အားကောင်းသထက် ကောင်းလာနေပြီကိုလည်း မမေ့သင့်။ ဂိမ်းခွေတွေ၏ အသက်သည်လည်း ကာလအကန့်အသတ် ရှိလာပြီ။
ဒီဂျစ်တယ် မီဒီယာလှိုင်းလုံး အရှိန်အဟုန်ဖြင့် တိုးဝင်လာ နေချိန်တွင် ရုပ်အားဖြင့် ထိကိုင်လို့ရသော စီဒီခွေ၊ ကတ်ဆတ်တို့ကို အမှတ်တရ သိမ်းထားမည့် သူကလက်တစ်ဆုပ်စာ ခန့်သာရှိနိုင်တော့သည်။ လူများစုကြီးကား ထိုပစ္စည်းများကို ခေတ်ရေစီးကြောင်းပေါ်က တွန်းချကာ ရေအောက်ကို ပို့လိုက်လိမ့်မည်။
သို့ဖြစ်ရာ မိမိအိမ်ထဲက မည်သည့် နည်းပညာ ပစ္စည်းများ ခေတ်ရေစီးအောက်ထဲ နစ်မြုပ်ကျန်ခဲ့မည်ကို ကြည့်ကြစို့။

အပျော်တမ်းဒီဂျစ်တယ် ကင်မရာလေးများ


ယနေ့ စမတ်ဖုန်း ကင်မရာများ၏ အရည်အသွေးသည် ပျမ်းမျှအားဖြင့် ၈ မဂ္ဂါပစ်ဇယ်မှ ၁၂ မဂ္ဂါပစ်ဇယ်ကြားရှိသည်။ လာမည့်နှစ်ပိုင်းများအတွင်း ထို့ထက် မဂ္ဂါပစ်ဇယ်ပိုများ၊ ထို့ထက်ရုပ် ထွက်ပိုကောင်းသော စမတ်ဖုန်း ကင်မရာများကိုလည်း လူတိုင်းကိုင်နိုင် ကြလိမ့်မည်။ ထိုမျှ အရည်အသွေးကောင်းသော ကင်မရာတွေ ဖုန်းမှာတစ်ပါတည်း တွဲပါလာချိန်တွင် မည်သူကမျှ အပျော်တမ်း ဒီဂျစ်တယ် ကင်မရာလေးတွေကို အလေးခံ၊ အရှုပ်ခံပြီးသယ်နေ လိမ့်မည်မဟုတ်။
ယနေ့မိသားစု အတော်များများသည်ပင် ခရီးထွက်သည့်အခါ ဖုန်းနဲ့သာ ဓာတ်ပုံရိုက်ကြတော့သည်။ အပျော်တမ်း ဒီဂျစ်တယ် ကင်မရာလေးတွေ တကူးတက သယ်မနေကြတော့။ ဖုန်းတွေသည် ရုပ်ထွက်အရည်အသွေးမြင့် HD ဗီဒီယိုတွေလည်း ရိုက်ပေးနိုင်နေပြီဖြစ်ရာ အပျော်တမ်း ဒီဂျစ်တယ် ကင်မရာတွေ ကိုင်နေခြင်းသည် ခေတ်မမီရာပင် ရောက်နေပြီ မဟုတ်ပါလား။
ဓာတ်ပုံရုပ်ထွက် အရည်အသွေးပိုင်းကို အလေးပေးလိုသူ အချို့သာ ဈေးအမြင့်ပိုင်း ဒီဂျစ်တယ် ကင်မရာများကို ဝယ်ကိုင်ကြလိမ့်မည်။ စမတ်ဖုန်း ကင်မရာများသည် သာမန်ပျော်ပွဲစား ထွက်တာမျိုး၊ အမှတ်တရ ဖြစ်စရာလေးတွေ ရိုက်တာမျိုးအဖို့ လုံလောက်သော်လည်း ရုပ်ထွက်အရည်အသွေး ကောင်းကောင်းကိုမှ လိုချင်သူများ အတွက်တော့ ဈေးမြင့်ဒီဂျစ်တယ် ကင်မရာများက အရေးပါနေ လိမ့်ဦးမည်။ ဒေါ်လာ ၃၀၀ အောက် အပျော်တမ်း ကင်မရာ ဈေးကွက်ကတော့ ကျုံ့ပြီးရင်း ကျုံ့လာနေကြောင်း ဈေးကွက် စစ်တမ်း အများအပြားကလည်း ဖော်ပြနေသည်


ရီမုတ်ကွန်ထရိုးတွေ


 ရီမုတ်ကွန်ထရိုးတွေ ပျောက်ကွယ်တော့မည်ဟု ဆိုလိုက်သဖြင့် စာဖတ်သူ အနေဖြင့် “မဖြစ်နိုင်တာ”ဟုထင်ကောင်း ထင်လိမ့်မည်။ ဟုတ်သည်လေ၊ အိမ်ထဲကြည့်လိုက်လျှင်လည်း တီဗီ၊ အောက်စက်၊ ပန်ကာ၊ အဲကွန်း ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ကိုယ်စီရီမုတ် ကွန်ထရိုးတွေ ပါကြသည် ချည်းမဟုတ်ပါလား။ ကားတံခါး၊ ခြံတံခါး၊ ဂိုဒေါင် တံခါးတွေဆိုလည်း ရီမုတ်ကွန်ထရိုးနဲ့ လှမ်းနှိပ်ပြီး ခိုင်းချင်တာ ခိုင်းလိုက်ရုံ မဟုတ်လား။ အိမ်ထဲက မီးတွေကိုလည်း ရီမုတ်ကွန်ထရိုးနဲ့ အလင်းအမှိန် အဖွင့်အပိတ်တွေ လိုသလို ခိုင်းလို့ရနေသည် မဟုတ်လား။ ဘာကိစ္စ ခေတ်သုဉ်းရမည်နည်းဟု စာဖတ်သူ ဆိုချင်လိမ့်မည်။
ရီမုတ် ကွန်ထရိုးတွေကို ခေတ်ရေစီးအောက်ထဲ နှစ်ပစ်မည့်သူ ကားအခြားမဟုတ်၊ စာဖတ်သူတို့ လက်ထဲက စမတ်ဖုန်းတွေ ဖြစ်၏။ ယခုခေတ်ပေါ် တီဗီ၊ ပန်ကာ၊ အဲကွန်း၊ အိမ်တွင်းမီး၊ ခြံတံခါး စသဖြင့် အသုံးအဆောင်ပစ္စည်း အများစုကြီးသည် ဝိုင်ဖိုင်အင်တာနက်ဖြင့် ချိတ်ဆက် ညွှန်ကြားနိုင်သော စမတ်ပစ္စည်းများ ဖြစ်လာပြီ။ အင်တာနက် ချိတ်ဆက်ထားသော ထိုပစ္စည်းများကို မိမိစမတ်ဖုန်းကနေ လိုသလို ညွှန်ကြားလိုက်လို့ရသည်။ ရီမုတ် ကွန်ထရိုးတွေကမှ မလှမ်းမကမ်းလောက်ကနေ ခလုတ်နှိပ်နေရသေးသည်။ စမတ် ပစ္စည်းများကို စမတ်ဖုန်းဖြင့် ခိုင်းစေဖို့က အနားမှာမရှိလည်း ရသည်။ ကိုယ့်အိမ်ကို ကမ္ဘာတစ်ဖက်ခြမ်းကနေ လှမ်းထိန်းချုပ်လို့ ရနေပြီ။ ထိုတစ်ချက်တည်းနဲ့ပင် ရီမုတ်ကွန်ထရိုးတွေ အနာဂတ် ရက်အကန့်အသတ် ရှိနေပြီကို စာဖတ်သူတို့ မြင်နိုင်သည်။
အသံဖြင့် ထိန်းချုပ်စနစ်၊ လက်ဟန်ခြေဟန်နဲ့ ထိန်းချုပ်စနစ်များကလည်း ရီမုတ်ကွန်ထရိုးတွေကို ခေတ်ရေစီးကြောင်းကနေ တွန်း ထုတ်ပစ်လိမ့်မည်။ ယနေ့ စမတ်တီဗီများကို အသံနဲ့ညွှန်ကြားခိုင်း စေနိုင်နေပြီဆိုတာ စာဖတ်သူများ သတိထားမိလိမ့်မည်။ မိမိကြည့်ချင်သည့် လိုင်းကို ပါးစပ်နဲ့ပြောပြီး ချိန်းခိုင်းလိုက်လို့ရသည့် အနေအထားတွင် မည်သူမျှ ရီမုတ်ကွန်ထရိုး လိုက်ရှာနှိပ်နေလိမ့်မည်မဟုတ်


ကြိုးဖုန်းတွေ


ဖုန်းတည်နေရာ အတည်တကျ ရှိဖို့လိုသော စီးပွားရေး လုပ်ငန်းတွေ၊ ဆေးရုံတွေ၊ ကောလ်စင်တာတွေ၊ အရောင်းစင်တာတွေလောက်သာ အထိုင်ကြိုးဖုန်းဆက် သုံးကြလိမ့်မည်။ လူတစ်ဦးချင်း အနေဖြင့်ကား ဘယ်သွားသွားသယ်သွားပြီး ဆက်သွယ်လို့ရသော မိုဘိုင်းဖုန်းတွေ၊ စမတ်ဖုန်းတွေသာ သုံးကြလိမ့်မည်။ ကြိုးဖုန်းကို မည်သူကမျှ အလုပ်ရှုပ်ခံပြီး အိမ်မှာတပ်နေ လိမ့်မည်မဟုတ်။ မိုဘိုင်းဖုန်းလိုင်း များသည်လည်း ကြိုးဖုန်းများနည်းတူ ကောင်းမွန် စိတ်ချရပြီဖြစ်သလို၊ မိုဘိုင်းဖုန်းများဖြင့် အင်တာနက်သုံးကာ ဆက်သွယ်နိုင်သဖြင့်လည်း လူတွေသည် သယ်သွားနိုင်သော မိုဘိုင်းဖုန်းများကိုသာ ရွေးချယ်ကြလိမ့်မည်။ လက်ရှိမှာပင် အိမ်မှာကြိုးဖုန်း ရှိသူများ ကိုယ်တိုင်တောင် ကြိုးဖုန်းကို သိပ်မသုံးဖြစ်တော့ဘဲ မိသားစုဝင်တွေ ကိုယ်စီ စမတ်ဖုန်းတွေနဲ့ ဖြစ်ကုန်ကြပြီ။


နှိုးစက်နာရီများ

နှိုးစက်နာရီသံဖြင့် နိုးထရသည့်ရက်ကို ပြန်စဉ်းစားကြည့်ပါ စာဖတ်သူ။ တော်တော်ဝေးဝေး အတိတ်မနက်ခင်း တစ်ခုဆီရောက် သွားလိမ့်မည် ထင်သည်။ အကြောင်းမူကား ယနေ့စမတ်ဖုန်း လူသားများသည် မနက်ထဖို့ နှိုးစက်ပေးလိုလျှင် ကိုယ့်ခေါင်းအုံးဘေးမှာ ထားအိပ်သော စမတ် ဖုန်းကိုသာ ထိုတာဝန် ပေးကြတော့သည်။ နှိုးစက် နာရီတွေနဲ့ တကူးတက လုပ်မနေတော့။ နောက်တစ်ချက် အနေနှင့် နှိုးစက်နာရီက ထွက်သော တီတီတွမ်တွမ် စူးစူးဝါးဝါးအသံနဲ့ ဘာကိစ္စ လန့်နိုးမည်နည်း။ ကိုယ့်စမတ်ဖုန်းနဲ့ဆိုရင် ကိုယ်ကြိုက်သည့် သီချင်းသံကို မနက် နှိုးစက်သံအဖြစ် သတ်မှတ်ထားနိုင်သည်။ မိုးလင်းတော့ ကိုယ်ကြိုက်သည့် သီချင်းသံနဲ့ သာသာယာယာ နိုးလာရတာ လူတွေ ပိုကြိုက်ကြမည် မဟုတ်ပါလား။
၂၀၁၄ ခုနှစ်က စစ်တမ်းတစ်ရပ် အရလည်း စမတ်ဖုန်းကိုင်သူ အများစုကြီးသည် စမတ်ဖုန်းကို ဖုန်းဆက်ဖို့ထက် မနက်နှိုးစက်ပေးဖို့ ပိုသုံးဖြစ်သည်ဟု ဆိုကြသည်။ အပြောရဲလှသည်လားဟု မဆိုစေချင်။ အက်ပဲနှင့် အန်းဒရွိုက် အပလီကေးရှင်း စတိုးများကို ဝင်ကြည့်လိုက်လျှင် များပြားလှစွာသော နှိုးစက် အပလီကေးရှင်းများက အပြောရဲရစေသည့် သက်သေများဖြစ်ကြောင်း စာဖတ်သူမြင်နိုင်သည်။



အိတ်ဆောင် ဂျီပီအက်စ်စက်တွေ




 စမတ်ဖုန်းတွေကြောင့် လမ်းဘေးဆင်း ဖယ်ပေးလိုက်ရသည့် နည်းပညာ တစ်ရပ်လည်း ရှိသေးသည်။ အိတ်ဆောင် ဂျီပီအက်စ် စက်လေးများဖြစ်၏။ ၂၀၁၀ ရှေ့ပိုင်း ကာလများတုန်းက မော်တော်ကား ဓာတ်ပုံများကို ပြန်ကြည့်လျှင် ကားဒတ်ရှ်ဘုတ်ပေါ်မှာ အိတ်ဆောင် ဂျီပီအက်စ်စက်လေးတွေ တင်ထားတာမျိုး တွေ့ရလိမ့်မည်။ ယခုတော့ ထိုမြင်ကွင်းမျိုးက ပျောက်သလောက် ဖြစ်သွားပြီ။ ပျောက်ရသည့် အကြောင်းရင်းကလည်း ရှိနေသည်။
ယနေ့ စမတ်ဖုန်းတိုင်းတွင် ဂျီပီအက်စ် စနစ်ပါသည်။ ဂူဂဲမြေပုံ၊ အက်ပဲမြေပုံများသည် ဖုန်း၏ဂျီပီအက်စ် စနစ်နဲ့ပူးပေါင်း အလုပ်လုပ်ကာ ဖုန်းပိုင်ရှင်၏ တည်နေရာ အတိအကျကို မြေပုံပေါ်မှာ ဖော်ပြပေးနိုင်သည်။ မိမိမရောက်ဖူးသည့် မြို့ရွာတွေ ရောက်သွားလျှင်လည်း ပူစရာမလို။ ကိုယ်ဘယ်ရောက်နေသည်၊ ကိုယ်ဘယ်သွားရမည်ဆိုတာ မြေပုံပေါ်မှာ အလွယ်တကူ ကြည့်ရှုနိုင်ပြီ။ ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက် တုန်းကလိုမျိုး အိတ်ဆောင် ဂျီပီအက်စ် စက်လေးတွေ ကိုင်နေဖို့မလိုတော့။ ယခုနောက်ပိုင်းထုတ်သည့် ကားတွေမှာလည်း ဂျီပီအက်စ်သည် မပါမဖြစ် ပါဝင်လာပြီ။ ကားဒတ်ရှ်ဘုတ်မှာ မြုပ်ထားသော ဖန်သားပြင်ငယ်မှာ မြေပုံကိုပါ ကြည့်ရှုပြီး မောင်းလိုရာကို အလွယ်တကူ မောင်းနိုင်နေပြီ။ နည်းပညာမြင့်သော ကားများဆိုလျှင် မိမိသွားမည့် နေရာကိုရိုက် ထည့်ပေးလိုက်ရုံဖြင့်ပင် မည်သည့်လမ်းက မည်သို့သွားရမည် ဆိုတာကိုပါ လမ်းညွှန်ပေးလိမ့်ဦးမည်။
Credit – Internet Journal.
Thank you.



     


Artikel Terkait:

0 comments:

Post a Comment